Monday, December 5, 2016

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဖုန်းအားသွင်းပေးမယ့် ကုတ်အင်္ကျီ




သွားရင်း လာရင်း ဖုန်းအား ကုန်သွားတဲ့အခါ သင် ဝတ်လာတဲ့ ကုတ်အင်္ကျီ က ဖုန်းအားဖြည့်ပေးမယ်ဆိုတာက တစ်ကယ်မိုက်တဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ 

 ဒီစိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်သူက ဂျပန်နိုင်ငံမှ ပညာရှင် တစ်ဦးဖြစ်သူ ဂျူညာ ဝါတာနာဘီဖြစ်ပါတယ်။  

FW16 လို့ခေါ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး ဖုန်းအားဖြည့် ကုတ်ကို မတ်လ က စတင် ပြသခဲ့တာဖြစ်ပြီး  ဈေး က ဒေါ်လာ ၂၄၈၀ ဖြစ်ပါတယ်။ 


အမျိုးသမီးအင်္ဂါ မပါဘဲ မွေးဖွားလာပေမဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ရရှိနေသူ




ဒေဗန်မာ့ခ် ဟာ သူမ မှာ အမျိုးသမီး အင်္ဂါလမ်းကြောင်းမပါတာကို အသက် ၁၂ နှစ် အရွယ်ကျမှ သိခဲ့ရသူပါ။ ဒါ့အပြင် သူမ ရဲ့သားအိမ် ကလည်း ပုံမှန် မဟုတ်သလို သားအိမ်ခေါင်းလည်း ပါမလာခဲ့ပါဘူး။ 

Mayer-Rokitansky-Küster-Hauser syndrome လို့ခေါ်တဲ့ ယင်းရှားပါးရောဂါလက္ခဏာစုကြောင့် သူမမှာ ကျောင်းမှာ လှောင်ပြောင်သရော်ခံရပြီး ရည်းစားတွေ ရှောင်ဖယ်သွားတာကိုလည်းခံခဲ့ရပါတယ်။ 

သူမ အသက် ၁၃ နှစ် အရွယ်မှာ ပုံသဏ္ဌာန် မမှန်တဲ့ သားအိမ် ကို ဖယ်ထုတ် ခဲ့ပြီး သုံးနှစ် အကြာမှာတော့ အမျိုးသမီးအင်္ဂါ ဖောက်လုပ်ခဲ့ပါတယ်။ ယင်းအတွက် လိုအပ်တဲ့ အသားကို သူမရဲ့တင်ပါး က ရယူပြုပြင်ခဲ့တာ ဖြစ်ပါတယ်။

ခွဲစိတ်ပြုပြင်ပြီးမကြာခင်မှာ သူမ ရဲ့ချစ်သူနဲ့ အတူနေခဲ့ပေမဲ့ သူမရဲ့ အမျိုးသမီးအင်္ဂါ အတုဟာ တစ်ခြားအမျိုးသမီးတွေ နဲ့ မတူဘူးလို့ ထိုလူက ပြောခဲ့တဲ့ အတွက် သူမ မှာ အရှက်ရခဲ့ပြန်ပါတယ်။
သူများနဲ့ မတူဘူးဆိုတဲ့ ခံစားချက်နဲ့ အထီးကျန်နေခဲ့တဲ့ ဒီဗန် ဟာ အမေရိကန် စစ်တပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ထရန့်နဲ့ တွေ့မှသာ ပျော်ရွှင်မှုကို ခံစားခဲ့ရတာဖြစ်ပါတယ်။


Thursday, December 1, 2016

လက် အဆစ် ချိုးရင် ဘာတွေဖြစ်နိုင်သလဲ



လက် အဆစ် ချိုးတာက အဆစ်ရောင်နာ ဖြစ်နိုင်သလားလို့ မေးခွန်း များစွာ ရှိခဲ့ဖူးပါတယ်။ အဆစ်ရောင်ခြင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခြားဆိုး ကျိုး တစ်ချို့တော့ ရှိပါတယ်။
လက် အဆစ် ချိုးလိုက်လို့ အသံမြည်တယ် ဆိုတာ အဲဒီ အရိုး အဆစ်တွေကြားက တစ်ရှုးတွေ ပျက်ဆီးသွားလို့ပဲ ဖြစ်ပါတယ်။ လက်ဆစ် တစ်ခါချိုးတိုင်းမှာ အဲဒီ အဆစ်တွေကြားက ခြင်ဆီတွေ အပေါ်လည်း သက်ရောက် မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ် တစ်ရှုးတွေကို သေစေပါတယ်။



Tuesday, November 29, 2016

ရှင်ကွဲ (နုနုရည် .. အင်းဝ)



အဖေ့ ကို သတိရလိုက်တာ 

တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ ၀င်လိုက်တာနဲ့ အိမ်ရဲ့ အနံ့ ကို ကျွန်မ ရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက် ချထားတဲ့ ကောလိပ်ကျောင်းသူ ဘ၀ နဲ့ ပြန်လာတုန်းကလည်း သည် အနံ့ပါပဲ။ 

လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့ အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မ ပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေး ထဲမှာ နဖူး ဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက် ငါးဆယ်ကျော် မိန်းမတယောက်။ 

အိုး... ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ် အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီး ရယ် ရှိတယ်။ ၀မ်းနည်း စရာနဲ့ ပြန်ပြန်၊ ၀မ်းသာစရာ နဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မ ရပ်နေပြီးမှ ၀င်းတံခါး တွန်းဖွင့် ၀င်လိုက်တာနဲ့ ကျွန်မ ရင်တွေ တစ်ဒိတ်ဒိတ် ခုန်လာတယ် ။ အမေ ... အမေ့ ကို ကျွန်မ ဘယ် လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ် ဆိုတဲ့ အငယ်ဆုံး သမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာ ပါလိမ့်နော်။

'မမကြီး'

အိမ်ရှေ့ တံခါးနား ကနေ မမကြီး ကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့ ။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲ ကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေ နဲ့ အမေ့ အိပ်ခန်း။

' ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့ '

မျက်နှာထား တင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်း နဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မ ရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တစ်နှစ် အတွင်းမှာ ပြောင်းလဲ သွားတာကတော့ မမကြီး ရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။

မနှစ်က အဖေ နဲ့ အမေ ရဲ့ ရှစ်ဆယ့် ကိုးနှစ်ပြည့် မွေးနေ့ အလှူမှာတုန်းက မမကြီး ဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ် မတင်တဲ့ အစ်မနှစ်ယောက် ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့် ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နား နီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

'အမေရော မမကြီး'

'ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်က ဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့ တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်ဝတ်ပြီး ဇွတ်ထွက်သွားတာပဲ'

ကျွန်မရင်ထဲ တစ်မျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ ကို ချက်ချင်းသတိရလိုက်မိတယ်။

'အဖေ ရော မမကြီး ဘယ်လိုလဲဟင်'

အလျင်စလို မေးလိုက်တဲ့ ကျွန်မ ကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ 'လာ' တဲ့။ အဖေ နဲ့ အမေ အိပ် ခန်း ထဲကို ရှေ့က ၀င်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေ နဲ့ အမေ နဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်း အခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

'အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော'
'အေး... ဟုတ်တယ်၊ ဒူး ကတော့ ဒီလိုပါပဲအေ၊ အမေ က အဖေ့ ကို လုံးလုံး မမှတ်မိတော့ဘူး'

'ဘာရယ်'
အို.... တစ်ကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေ ကလား။ အဖေ့ ကို။

'ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ'
'နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ...'

အားကိုး တိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မ စကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
'ငါ အမေ့ ကို သွားခေါ်လိုက်ဦးမယ်၊ ညည်း အဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကို ကြီး တို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်'

စကားဆုံးတာနဲ့ မမကြီး ခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက် ကုလားထိုင်လေးပေါ်မှာ ကျွန်မ ကိုယ်ခန္ဓာ ကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရား မရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မ ရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။

'ဗုဒ္ဓယဉ်ကျေးမှု အခြေခံ' တဲ့။ စာအုပ် ရဲ့ ပထမစာမျက်နှာမှာ မမကြီး နဲ့ အဖေ တို့ အမေ တို့က မုန်းတဲ့ ကျွန်မချစ်လင် ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ 'ချစ်ဇနီး ခင်ထွေး ရဲ့ အသက် ငါးဆယ်ပြည့် မွေးနေ့ သို့' တဲ့။ ဘုရား ရှိမခိုးတဲ့၊ ဘုရားစာ မရတဲ့၊ တရားလဲ မထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မ ချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့ လက်ဆောင်။ လွန်ခဲ့တဲ့ တစ်ပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မ ရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မ အတွက် မွေးနေ့ လက်ဆောင်ပေးခဲ့တဲ့ ကျွန်မ ရဲ့ ချစ်လင်။


Monday, November 21, 2016

နိဗ္ဗာန် တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်



ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က စပြီး “ပရိတ္တ” လို့ခေါ်တဲ့ အန္တရာယ် ကို ကင်း ရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေ ကို ကျက်မှတ်ကြတယ်။ အ ခါအားလျော်စွာ ပရိတ် တရားတော် ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ ပါတယ်။ 

အဲဒီလို ရွတ်ဖတ် သရဇ္ဈာယ် နာယူကြတဲ့ ပရိတ် တရားတော်တွေရဲ့ အဓိပ္ပာယ်တွေကို ရှင်းရှင်းလင်းလင်း သိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှင်းရှင်း လင်းလင်း သိရင် ဒီ ပရိတ်တ ရားတော်တွေ ထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့် တရားတွေ မြတ်စွာဘုရားက ဟောထားပါ တယ်။ 

အဲဒါကြောင့် ပရိတ်တရားတော် ဆိုတာ ရွတ်ဖတ် သရဇ္ဈာယ်၊ နာယူရုံတင် မက။ နာယူ မှတ်သားပြီးတော့ လိုက်နာကျင့်သုံးကြမယ် ဆိုရင် မျက်မှောက် ဘ၀မှာလည်း ကောင်းကျိုး ချမ်းသာတွေကို ရပါမယ်။ တမလွန်ဘ၀ မှာလည်း ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ နောက်ဆုံး နိဗ္ဗာန်တိုင် မျက်မှောက်ပြု အကျိုးရှိနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတွေဟာ ယုံကြည်ရုံ သက်သက် နဲ့ မှတ်သားရမယ့် တ ရားမျိုးတွေ မဟုတ်ပါဘူး။ သဘောပေါက် နားလည်ရမယ့် တရားတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ မဂ္ဂင်ရှစ်ပါး ထဲမှာဆိုရင် မြတ်စွာဘုရား က “သမ္မာဒိဌိ” မှန်မှန် ကန်ကန်မြင်ခြင်း ဆိုတဲ့ အသိ ဉာဏ်ဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အတွက် အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ 

နားလည် သဘောပေါက်မှ ပိုပြီး ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ ဒါကြောင့်မို့ ဘာသာရေး ကိစ္စ ဆောင် ရွတ်တဲ့အခါမှာ အခြား ဘာသာတွေနဲ့ မတူပါ။ ဗုဒ္ဓဘာသာ ရဲ့ဆောင်ရွတ်မှုက နား လည်မှုအပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့်မို့ ဘာသာတရားနဲ့ ပတ်သက်ပြီး အရာခပ်သိမ်း ကို နားလည်အောင် ကြိုးစားရပါတယ်။

လူ ဆိုတာ (၂၄ နာရီ) နေ့စဉ်နှင့် အမျှ ဘ၀ တစ်ခုကို ဖြတ်သန်းပြီး နေကြရပါတယ်။ ဒီ လို ဖြတ်သန်းတဲ့ အခါ မှာ ဘယ်လို ပုံစံနဲ့ ဖြတ်သန်းရမယ်၊ ဘယ်လို နေရမယ်၊ ဘယ်လို ထိုင်ရ မယ်ဆိုတာ ဗုဒ္ဓက လမ်းညွှန်ထားတာ ရှိပါတယ်။ အဲဒီ လမ်းညွှန်ချက် အတိုင်း လိုက်နာကျင့် သုံးနိုင်မယ် ဆိုလို့ရှိရင် မျက်မှောက် ဘ၀မှာလည်း ကောင်းကျိုးချမ်းသာတွေကို ရနိုင်ပါတယ်။

တမလွန် ဘ၀မှာလည်း ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ နောက်ဆုံးမှာ နိဗ္ဗာန်တိုင် ရောက်ရှိနိုင်ပါ တယ်။ အဲဒီလို နည်းစနစ်ကောင်းတွေ ညွှန်ပြထားတာ လူတွေဟာ သိဖို့ အင်မတန်မှ အရေးကြီးပါတယ်။
သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘ၀ တစ်ခုကို ဖြတ်သန်းပြီးတော့ အချိန်ကုန်ကြရမှာတော့ အတူတူပါပဲ။ 

သို့သော် ဖြတ်သန်းပြီး အချိန် ကုန်တာချင်း တူပေမယ့်လို့ အကျိုးရှိတဲ့ လူ၊ အကျိုးမရှိတဲ့ လူ ဆိုတာ နှစ်မျိုးဖြစ်သွားပါတယ်။ ကောင်းကျိုးချမ်းသာတွေကိုရအောင် ယူ နိုင်တဲ့ပုဂ္ဂိုလ်ဟာ တစ်ကယ့် လူလိမ္မာ ပညာရှိလို့ ခေါ်ပါတယ်။ ကိုယ့် ဘ၀ခရီးမှာ ကောင်းကျိုးချမ်း သာတွေကို ရအောင် မယူနိုင်ဘူး ဆိုလို့ရှိရင် ဘ၀တစ်ခုမက (တစ်သံသရာ အတွက်) နစ်နာပါ တယ်။ ဆုံရှုံးပါတယ်။


သေခါနီး အချိန်




လူ့ လောကတွင် လူတစ်ဦးသည် တစ်ဘ၀လုံး မကောင်းမှု ဒုစရိုက်ကို ပြုလုပ်လာခဲ့သည်။ သို့သော် သေခါနီး ကာလ တစ်ဒင်္ဂလေးမှာ အလှူဒါန အမျှပေးဝေသောအခါ သာဓုခေါ်နိုင်ခြင်းသည် ကောင်းရာ သုဂတိသို့ သွားပါမည်လား။

တစ်သက်လုံး စိတ်ကောင်း ထားကာ အလှူ  ဒါနဖြင့် မွေ့လျော်ခဲ့ပြီး သေခါနီး တစ်ဒင်္ဂလေးမှာ ဇောစိတ်ကြောင့် အယူလွဲမှား၍ အသက်ဆုံးခဲ့လျှင် ဒုဂ္ဂတိ ဘုံသို့ သွားပါမည်လား။

(ဖြေ) ပါကဒါန ပရိယာယ-ကံလေးပါးတွင် အာသန္နကံ ဟူသည်မှာ သေခါနီး၌ အောက်မေ့အပ် ပြုအပ်သော ကံဖြစ်၍ အားနည်းလင့် ကစား အာစိဏ္ဏကံ- စသော အားကြီးသော ကံ  များကို ဖြတ်၍ အကျိုးပေးတတ်ပါ သည်။

နွားခြံ ၌ နွား အများရှိရာ နွားအိုကြီးသည် ခြံဝင်၌ အားနည်း၍ နောက်ဆုံးမှ ၀င်ရသော်လည်း ခြံထွက်တွင်
အပေါက်ဝနှင့် နီး သဖြင့် ရှေးဦးစွာ ထွက်နိုင်သကဲ့သို့ ဖြစ်ကြောင်း ဥပမာ ပြပါသည်။



လမ်းမတော် ဖိုးတုတ်




လမ်းမတော် ဖိုးတုတ် အကြောင်း
************************

ကိုလိုနီခေတ် က ကုလား လူမိုက်တွေနဲ့ ပြိုင်ပြီး မိုက်ခဲ့တဲ့ မြန်မာ လူမိုက် လမ်းမတော် ဖိုးတုတ် 
ဒု
တိယ ကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျား တွင် ရေပန်းစား အပြောများခဲ့သည့် လူ ပုဂ္ဂိုလ် တစ်ယောက် ရှိခဲ့သည်။

သူသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့် လုပ်ရပ်များလုပ်ခဲ့သူ တစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလ အလျောက် ထူးခြားသော သူ၏ လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏ အမည်နာမ မှာ ဟိန်းထွက် ကျော်ဇော လို့ လာသည်။

သူ၏ လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ် ဘက်သို့ အလေးမသာသည့် အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။

နာမည်ကြီးသော်လည်း နာမည်မကောင်း ။

ကောင်းသောနှင့် ကျော်ကြား ထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း မကောင်းရိပ် ထင်သော ကျော်  ကြားခြင်းသည် နှစ်လိုဖွယ် မဟုတ်ပေ။

ကောင်းသတင်းနှင့်ကျော်ဇော ထင်ရှားသူမှာ အသက် သေသော်လည်း အမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင် ကတည်းက နာမည်သေသည်။ ကောင်းသော ပုံရိပ်ထင်သူများ၏ ဘ၀နိဂုံးသည် အနားသတ် မကောင်း။ အကျည်းတန်သည်။

သို့စေကာမူ ..

ခေတ်ရေစီကြောင်း အခြေအနေအရ သူ့ကို အလေးထားနေရာပေး၍ ဆက်ဆံရသည်။ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်း ရှုံ့ ရှုံ့၊ ဘယ်လိုပင် မဲ့ရိပ်ပြေး ရှေ့တင် ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူမရှိ။ နှာခေါင်းရှုံ့ရဲသူ မရှိ။ မဲ့ရိပ် ထင်ရာသူ မရှိ။

နှစ်လိုဖွယ် အရိုးရိပ်တင်ပြလျက် ကြည်ကြည်သာသာ အမူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။ သူ့အရှိန်အ၀ါက သည်လောက်ပင်ကြီးထယ်သည်။

ခေတ်ရေစီးကြောင်း အခြေအနေအရ စီးပွားရေး အချက်အချာ ကျသည့် နယ်မြေကြီးတစ်ခုလုံးမှာ သူ၏ စိုးမိုးမှု သြဇာသက်ရောက်မှအောက်မှာ ရှိခဲ့သည်။

ရန်ကုန်မြို့၏ အုပ်ချုပ်ရေး နယ်ပယ်ကို တရားဝင် အုပ်ချုပ်နေသည့် ပုလိပ် အဖွဲ့ကြီး ရှိသော်လည်း ပုလိပ် အဖွဲ့ကြီး၏ သြဇာ သက်ရောက်မှုမှာ သူ၏ သြဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။ ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့် အညီ အုပ်ချုပ်သည်။ သူက ဥပဒေကို မျက်နှာလွှဲ ခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။

အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်း ခွဲ၍ ဒီ-၀ိုင်-အက်(စ်) ခေါ် မျက်နှာဖြူ  ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။ ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း။ ရန်ကုန် အလယ်ပိုင်းကို ပုလိပ် အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုး ကိုင်တွယ်ထားသည်။ နယ်စားပယ်စား လုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော် ဖိုးတုတ်။

အင်္ဂလိပ်များ အုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ် တစ်ခေတ် ထွန်းကားခဲ့သည်။ လူမိုက်ခေတ် ထွန်းကားလာအောင် သူတို့ကပင် လုပ်ပေးခဲ့သည်။ လူမိုက် ကို ကြားခံ အဖြစ်ထား၍ လူလူချင်း ဗိုလ်ကျ စိုးမိုးသည့် စနစ် ကို ဖန်တီးပေးခဲ့သည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နည်း။

ဒါ့ကြောင့်လည်း လမ်းမတော် ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို တရားဝင် အပိုင်စား ရထားသူတို့နှယ် စိုးမိုး ချယ်လှယ်နိုင်ခဲ့ခြင်းဖြစ်သည်။

Friday, November 11, 2016

တုတ် တစ်ချောင်း ၏ နောက်ဆက်တွဲ

                                                          ကာတွန်း ဖေသိန်း


ကျနော့်  ငယ်နာမည် "ဘိုနီ" အနေနှင့် ကျောင်းစနေခဲ့ သော်လည်း အမျိုးသား ကျောင်းသို့ ပြောင်းသော အခါ ဇာတာ နာမည် အတိုင်း " ဖေသိန်း " ဖြစ်လာ ပါသည်။

မြူနီစီပါယ် ကျောင်းသည် အင်္ဂလိပ် အစိုးရ၏ အုပ်ချုပ်မှု လက်အောက်တွင် ရှိ၍ အမျိုးသားကျောင်းမှာ မြန်မာ အမျိုးသား တို့၏ ကိုယ်ပိုင် ဖြစ်ပြီး နယ်ချဲ့ စနစ်ကို ဆန့်ကျင်သော ကျောင်း ဖြစ်ပါသည်။ မြူနီ စီပါယ် ကျောင်းတုန်းက "God Saves The King" ဗြိတိသျှ ဘုရင် ဧကရာဇ် မင်းမြတ်၏ ဘုန်းတော်ဘွဲ့ သီချင်း ကို မြန်မာလို "ကော်ပီ" သီဆို ခဲ့ရသည်။ အမျိုးသားကျောင်း ရောက်လာ သောအခါ …....
"အရှေ့က နေ၀န်း ထွက်သည့် ပမာ ပ၊ တို့ခေတ်ကိုတော့ ရောက်မည်မှာ မလွဲပါ၊ တို့ … ဗမာ" ဟု အစချီပြီး ….
"ကမ္ဘာ မကြေ၊ ဗမာတွေ၊ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ" ဟူသော အမျိုးသား သီချင်းကို သီဆို ကြရသည်။
သီချင်း ဆိုလျှင် မထစ်သော ကျနော့် အဖို့ အမျိုးသား သီချင်း ကို အားမာန် အပြည့်နှင့် သီဆို ရသည်မှာ ကြက်သီး မွှေးညင်းပင် ထပါသည်။

ကျောင်းဆရာကြီးမှာ ဦးရွှေကျော် ဖြစ်၏။ ကျနော် တက်ရသော အတန်းမှာ (Special Class) ဖြစ်၍ အင်္ဂလိပ်စာ ကိုသာ အဓိက သင်ကြား ပါသည်။ အတန်းပိုင် ဆရာမှာ ဦးသိန်းဖေ ဖြစ်ပါသည်။ ဤတွင် ဆရာ "သိန်းဖေ" နှင့် တပည့် "ဖေသိန်း" တို့ တွေ့ကြလေပြီ။ ထိုစဉ်က ကျောင်းတိုင်းတွင် ကျောင်းသားများ "စကောက်" အဖွဲ့ (Boy's Scout) ၀င်ရ၏။ သို့သော် ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း (Pinni Boys) ပင်နီတပ် ကို ဖွဲ့စည်း ပါသည်။

ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း ကျောင်းသား များအား ကာကီ ယူနီဖောင်း ကို ဆန့်ကျင်၍ ပင်နီ ယူနီဖောင်း ကို ၀တ်ဆင် စေပါသည်။ ဆရာကြီး သည် အိုင်ယာလန် နိုင်ငံမှ အင်္ဂလိပ် ကို ဆန့်ကျင်သော အ၀ါရောင် လူငယ်တပ် (Yellow Boys) ကို နမူနာ ယူခြင်း ဖြစ်သည်ဟု ဆို၏။

ကျနော်သည်ပင် ပင်နီဘွိုင်း ဘင်ခရာ အဖွဲ့တွင် ဘေးစောင်း ပလွေ မှုတ်ရသူ ဖြစ်၍ အမျိုးသား သီချင်း၊ စစ်ချီသီချင်း၊ တီးမှုတ်ရသည်။ အမျိုးသား အောင်ပွဲနေ့ သည် ကျနော် တို့ "ပင်နီဘွိုင်း" တပ် ၏ စိတ်ဓာတ် အတက် ကြွ ဆုံးနေ့ ဖြစ်ပါသည်။ တစ်ကျောင်းလုံး၏ ၀တ်စုံမှာ လုံချည်စိမ်းနှင့် ပင်နီ အင်္ကျီဖြစ်၏။

"ပင်နီဘွိုင်း" တပ်၏ ခေါင်းဆောင် တပ်မှူးး မှာ ဆရာ ဦးသိန်းဖေ ဖြစ်ပါသည်။ သူသည် ယခင် က (Scout Master) စကောက် နည်းပြ ဆရာ ဖြစ်ခဲ့သောကြောင့် "ပင်နီဘွိုင်း" တပ်ဖွဲ့ကို ကိုင်တွယ်ရာတွင် ကျွမ်းကျင် လှသည်။ ဆရာ သည် နေ့စဉ် ကျောင်းတက်ရာတွင် ပင်နီ ယူနီဖောင်း (ဘောင်းဘီတိုနှင့်) အမြဲ တက်ပါ သည်။ ကျနော် သည် ဆရာ ဦးသိန်းဖေ ၏ (Special Class) သို့ ရောက်ပြီး မကြာမီပင် ၊ ဆရာ (သိန်းဖေ) နှင့် တပည့် (ဖေသိန်း) တို့ ရင်ဆိုင် တွေ့ခြင်း ဖြစ်ပါသည်။

(သိန်းဖေ) နှင့် (ဖေသိန်း) ဟူသော အမည် များမှာ ဗေဒင် သဘော အရ ကက်ကင်း ဓာတ်ပြန် ဖြစ်၍၊ ဓာတ် ချင်း မတည့် ဟု ဆို၏။ အရပ်စကား အရ ပြောရလျှင် "ဖင်ပြန်၊ ခေါင်းပြန်" နာမည်များ ဖြစ်သည်။ သူဖြူ လျှင် ငါမည်း၊ သူမည်း လျှင် ငါဖြူ ဓာတ်ချင်း မတူဟု ဆိုကြမည်။ 

မည်သို့ပင် ဖြစ်စေ ဆရာ သိန်းဖေနှင့် ဖေသိန်း  တွေ့ကြပုံမှာကား အင်္ဂလိပ်စာ အချိန်တွင် ဆရာ ဦးသိန်းဖေသည် ကျောင်းသားများအား အင်္ဂလိပ်ဖတ်စာ ကို ထဖတ် ခိုင်း၏။ တစ်ယာက်ပြီး တစ်ယောက် ဖတ်ပြပြီးနောက်၊ ကျနော့် အလှည့် ရောက်သောအခါ ထစ်နေ ပါတော့သည်။ ထိုအခါ ဦးသိန်းဖေ သည် ချက်ချင်းပင် အမိန့် ပေးလိုက်၏။

ငါးမရ ရေချိုးပြန်ပါမည်




“ရွှေဘ ဘယ်သွားလဲ မိလုံး”

ကိုညိုဒင် ငါးမျှားတံ များကို အိမ် အဖီဘေးတွင်ထောင်ရင်း မလုံးကို မေးလိုက်သည်။ မလုံးက မကြားဟန်ဖြင့် မီးခိုးအူနေသည့် မီးဖိုကို မီးပြောင်းနှင့် တစ်ဟူးဟူး မှုတ်နေသည်။

“ငါမေးတာလည်း ဖြေစမ်းအုန်းဟ မိလုံး” မလုံ်းချက်မော့ကြည့်ပြီး ထမင်းအိုးဖုံးဖြင့် မီးဖို ကို ယပ်ခပ်နေပြန်သည်။ မီးခိုး မွှန်၍ ကျလာသည့် မျက်ရည်ပူ တို့ကို ထမီ အနားနှင့် ကောက်ပွတ် လိုက်ရင်း -

“ထုံးစံ အတိုင်းပဲ ကိုညိုဒင်။ တော့်သား အကြောင်း တော်က ကျုပ်ထက် ပိုသိမှာပေါ့။ တောက်ခုံ မှာလား  ။ ဂေါ်လီ လှိမ့်တဲ့နေရာ မှာလား တော်သွားရှာကြည့်။ ခုတစ်လော အိမ်မှာကို ကပ်တယ် မရှိဘူး”

ကိုညိုဒင့် မျက်ထောက်နီ က မလုံး မီးဖိုထဲက မီးတောက်နှင့် အပြိုင်။ မျှား၍ ရလာသော ငါးဇင်ရိုင်း တစ်ထုပ်ကို ထမင်းစားပွဲပေါ် ပစ်တင် လိုက်ခါ လုံကွင်း အဟောင်းတစ်ထည်ကို ပုခုံးပေါ်တင်ပြီး လမ်းထိပ် ထွက်လာခဲ့သည်။


ကိုညိုဒင် ရွှေဘ ကို လိုက်ရှာသည်။ သူ့ အပေါင်း အဖော်တွေ မေးကြည့်တော့လည်း ခုတစ်လော သူတို့ဘက် ကို ရွှေဘ မလာဘူးတဲ့။ ဘယ်သွားတယ်ထင်လဲ လို့ မေးတော့လဲ သိဘူးလေတဲ့။ ကိုညိုဒင် ဒေါသ ထွက်လာသည်။ ဘာကို ဒေါသ ဖြစ်နေမှန်း ဂဃ နဏ မသိ။ ကိုညိုဒင် ဒေါသထွက်နေပေမယ့် ရွှေဘ ကို စိုးရိမ်စိတ်က တစ်မှောင့်။ 

ဒီကောင် ငါ မပါဘဲ မြစ်ထဲသွား နေလား။ ငပျော့ တို့  ဘူကြီးဝိုင်းဘေးထိုင်ပြီး လက်ဘက်သုတ် ဂျင်းသုတ် ၀ယ်ပေးနေသလား။ မြို့ မြောက်ဖျားက ညွန့်မောင် တို့ ဘက် အလည်လွန်နေသလား။ ဈေးပိုင်း ဘက်မှာ ရန်သွားဖြစ်နေလား။ လားပေါင်း များစွာဖြင့် ကိုညိုဒင် နည်းနည်း စိတ်ပူ လာသည်။ ဒီကောင့်ကို ပြောရ ငေါက်ရတာလည်း အခက်သား။ စိတ်က ကြီးကြီးကောင်။ 

တစ်ခါက သူ့ အမေ မိလုံး ဆူတာကို ကောက်ပြီး ဓာတ်တော်ကုန်းစေတီပေါ် တက်အိပ်နေလို့ ကိုညိုဒင်တို့ ဓာတ်မီးဆွဲ ရှာခဲ့ရပြီးပြီ။ “မင်းနဲ့ ပြဿ      နာ တက်လို့လား” လို့ မိလုံး ကို မမေးမိခဲ့မိတာကိုပဲ နောင်တ ရချင်ချင်။ ရွှေဘ က ခုဆို ရှစ်နှစ်ထဲဝင်ပြီ မဟုတ်လား။ ပြာသိုဖွား။ ကိုညိုဒင် ခေါင်း ငိုက်စိုက်နှင့် အိမ်ဘက် ပြန်လှည့်လာခဲ့သည်။ ခွေးမသား တွေ့လို့ကတော့ ကောင်းကောင်းတွယ် ပေးလိုက်ဦးမည်ဟု စိတ်ထဲမှာ ကြိမ်းဝါးနေမိပြန်သည်။

တစ်လမ်းလုံး ကိုညိုဒင် စဉ်းစားလာသည်။ မတွေးတတ်အောင်လည်း ဖြစ်နေ၏။ ဒီကောင် ငါ့မပြောပဲ ဘယ်ကိုမှ မသွားတတ် မလာတတ်ပါဘူး။ လောင်းကစားတွေ ဘာတွေလည်း စိတ်ဝင်စားတဲ့ကောင် မဟုတ်။ ရပ်ကွက်ထဲက ခလေးတွေ သရေကွင်း ပစ်တာဖြစ်ဖြစ်၊ မျောက်ပန်း လှန်တာဖြစ်ဖြစ် ကစားရင်တောင် ၀ိုင်းဘေးက ထိုင်ကြည့်တဲ့ကောင် မဟုတ်။ ဗွီဒီယို ရုံ ကလည်း ညမှ ပြတာဆိုတော့ ကိုညိုဒင် စဉ်းစားရ တော်တော် ကျပ်နေသည်။ တွေ့သေးတာပေါ့ကွာလို့ ညည်းရင်း တောက် တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။

“ညိုဒင်... ဟေ့ကောင် ညိုဒင် ဘာဖြစ်နေတာလဲဟ၊ မင်းဥစ္စာ ကလည်း သောက်ခွက်ကြီး ပုတ်သိုးနေလိုက်တာ ခွန်နှစ်ရက် နေလို့ မှ ပေါ်တဲ့ ရေထဲ က မသာလိုပဲ။ လာစမ်းပါ။ ခုမှ တို့ ၀ိုင်းစတာ”
ငပျော့ အိမ်ထဲ မှ သိန်းဆောင် အော်ခေါ်သဖြင့် စိတ်မပါ လက်မပါဖြင့် ကိုညိုဒင် ၀ိုင်းထဲ ၀င်ထိုင်လိုက်သည်။ 

“ငပျော့ ရွှေဘ တွေ့မိလား”

“ကြည့်မနေအားပေါင် ကိုညိုဒင်ရာ။ မိုးကျခါစ ရှိသေး ထင်းတွေက ထိုင်း တယ်ဟ။ မီးကိုကောင်းကောင်းမတက် ဘူး။ မီး မတက်တော့ မီးတောက် အရက်ကလည်း တစ်စက်ချင်း အထွက်နှေး။ လကြေးပေးဖို့တောင် ဆိုင်းပါဦးလို့ နယ်ထိန်းကို မျက်နှာချိုသွေးရတာ အလုပ်တစ်ခု။ ဒါတောင် တစ်လုံးတော့ ထိုးထည့်ပေးလိုက်ရသေးတယ်ကွ”

ငပျော့ အရက် တစ်လုံး လာချပေးရင်း ....

“နို့ နေစမ်းပါအုန်း။ မင့်ကောင်ကို လိုက်ရှာနေရအောင် ဘယ်တုန်းကများ မင့်သားက မင်း ကို ကူဖော်လောင်ဖော် ရလို့တုန်း။  ကလေး ပဲကွာ။ သူ့အဖော် အသင်း နဲ့ တစ်နေရာရာ သွားလည်ပတ် ကစားနေတာဖြစ်မှာပေါ့။ နေ့ လည်နေ့ခင်းပါကွာ။ အချိန်မတော် ညကြီး မိုးချုပ်ဆိုလည်း ထားပါတော့”
ငပျော့ ငှဲ့ပေးသည့် အရက်ခွက်ကို ပက်ကနဲ ကိုညိုဒင် မော့သောက်ချလိုက်၏။

“ငါက ရက်ပိုင်းပဲ ကျန်တော့တာကွ ညိုဒင်ရ။ လွန်ရော ကျွံရော ရက် နှစ်ဆယ်ပဲ”
“ဘာ ရက်နှစ်ဆယ်လဲ”
ကိုညိုဒင် သိန်းဆောင်ပြောတာကို နားမလည်။

အုန်းခင် က
“ဒီလိုကွာ ဒီကောင်က မနှစ်က ဒီမှာ မရှိဘူးလေကွာ။ အနောက်ရွာ ဘက်ကို အိမ်သွားဆောက်နေတယ်မို့ လား။ အဲဒီရွာက ရသေ့ လိုလို ယောဂီ လိုလို ဘိုးတော် လိုလို လူက သူ့ကို ရေမန်း တိုက်သတဲ့။ ၀ါတွင်း သုံးလ အရက်ရှောင်ရင် သိန်းပါ ဆောင်ရရုံ မကဘူး။ သန်းပါ ကုဋ္ဋေပါ သပိတ်ဝင် အိပ်ဝင် အထုက်ကြီး အထည် ကြီးနဲ့ ကြီးပွားမှာလို့ မိန့်တော် မူထားတယ်ကွာ။ မင်းမှ သူ့အိမ် ဘက် မရောက်တာ။ ပွဲနဲ့ နန်းနဲ့ ဆရာ။ မသိ ရင် လည်း မေး၊ ဟုတ်ပလား”

“အော်”

ကိုညိုဒင် သိန်းဆောင် ကို သတိထားကြည့်လိုက်တော့ ရွှေလက်စွက် တစ်ဝင်းဝင်း။ ရွှေဆွဲကြိုး တစ်လက် လက်၊ အရက်ခွက် ကတောင် ရွှေရောင်တောက်နေသလား ထင်မှတ်မှားရသည်။ ကိုညိုဒင် တွေတွေငေးငေး ဖြစ်သွားသည်။ ငါ့အလုပ်က အကုသိုလ် အလုပ်။ ဘယ်အချိန် ဘယ်ကာလမှ ကျွတ်လမ်းမြင်ရမလဲ မသိပါလားလို့ တွေးနေမိ ပြန်၏။

“ဟေ့ကောင် အုန်းခင်... မင်းမယုံကြည်ရင် လွတ်လွတ်နေ။ ငါ့ကိစ္စကို ဘာမှ ဝေဖန်စရာမလိုဘူး။ ငါယုံကြည်တာ ငါလုပ်တာ။ အနည်းဆုံးတော့ကွာ သုံးလလောက်တော့ အရက်ဖိုး မကုန်ဘူးပေါ့ ဟုတ်လား၊ ဟားဟား.....”

ရယ်ရယ်မောမော ပြောနေသည့် သိန်းဆောင် ၏ အမူအယာ က ပေါ့ပါး ပျော်ရွှင် နေပုံရသည်။
“ဒီမှာ ညိုဒင် ကြီးပွားလား မလားလားတော့ ငါမသိဘူး၊ မိန်းမ ကတော့ ကြည်ညိုနေတာပဲကွာ။ မင်း က အရေး မကြီးပါဘူးကွာ။ အကုသိုလ် နဲ့ အကျိုးပေးတဲ့ကောင်ပဲ။ တံငါချင်း တူရင်တောင် ငါးကြီး ငါးကောင်း ရတဲ့ကောင်။ အကျိုးပေး ဆိုတာက မတူကြဘူး လေကွာ။ ဘာ ဘိုးတော်မှ မင်းကို မ မလည်း မင်းအလုပ် က မင်းကို ဆောင်မနေတာပဲ မဟုတ်လား။ အမှန်တော့ အမှန် ဆိုတာ ကလည်း အမှန် ဟုတ်ချင်မှ ဟုတ်တာပါကွာ”

အရက် နှစ်လုံး ကုန်တော့ သိန်းဆောင် ၀ိုင်းဘေးမှာ ခွေအိပ်နေပြီ။
ကိုညိုဒင်လည်း ရွှေဘ ကို သတိပြန်ရလာသည်။ 

“ငါ ပြန်အုန်းမယ်ကွာ ငပျော့။ ညနေကျရင် တစ်လုံးတော့ ပို့လိုက်။ ဒီမှာပိုက်ဆံ”
ကိုညိုဒင် လုံကွင်း ကို ခါးစီးပြန်လာခဲ့သည်။

“တစ်အောင့်ဆို ထွက်သွားလိုက်တာ။ တော်တို့ ၀ိုင်းက ပေတော်တော် ရှည်ကြတာပဲ”
ရောက်မဆိုက် မလုံးက ဆီးကြို၍ ငေါ့သည်။
“ထမင်းခူးရမလား”

“ခူးကွာ၊ ရွှေဘပြန်ရောက်ပြီလား”
“တော့်သား ကဖြင့် အိမ်မေ့ ယာမေ့၊ တစ်နေ့ တစ်နေ့ ဘယ်သဝေ ထိုးနေမှန်းကို မသိပေါင်။ တော်လည်း နည်း နည်းပါးပါးတော့ ဆိုဦး၊ ပြောဦး။ သေစာ ရှင်စာတောင် မဖတ်တတ်တဲ့ကောင်ကို တော် ဒီလိုပဲ လက်ပိုက် ငါးထောင်ပြီး ကြည့်နေတော့မှာပဲလား ” မလုံး စကားက ကိုညိုဒင့် နဖူး ကြောတွေ တင်းသွားအောင် ရိုက်ချက်ပြင်းဟန် တူသည်။ 

ဖ ဦးထုပ်



မြန်မာ အက္ခရာတွင် ဗျည်း (၃၃) လုံး ဟူ၍ ရှိပါသည်။ အဆိုပါ ဗျဉ်း (၃၃) လုံး အနက် ဖ  ဦးထုပ် (ဖ) ၏ နေရာ သည် နံပါတ် ဘယ်လောက်မှာ ရှိသလဲ ဆိုလျှင်တော့ ရုတ်တရက် ဖြေနိုင်သူ ရှားလိမ့်မည် ထင်ပါသည်။

ထိုအခါ ကျနော့် ကို တွေ့သည့် နေရာတွင် အချိန် မရွေး ကောက်ကာငင်ကာ မေးကြည့်လိုက်ပါ။ ဖ ဦးထုပ် နံပါတ်(၂၂) ဟု ဒက်ခနဲ မဆိုင်းမတွ ဖြေလိုက်မည်။ ထို့အတွက် တယ်ဟုတ် ပါလားဟု ကျနော့်ကို အလွယ်တစ်ကူ မထင် မကြီး လိုက်ပါနဲ့ဦး။


ဖ ဦးထုပ်နှင့် ကျနော် ဆက်နွယ် ပတ်သတ်ခဲ့ပုံကို သိရလေအောင် ဦးစွာ စောင့်ကြည့်လိုက်ပါဦး။
 ကျနော် ရယ် ….. ဖ ဦးထုပ် ရယ် … ဆရာမကြီး ဒေါ်စန်းရီ ရယ် ….......................... ။

ယခုခေတ် ကလေးများ မူလတန်း အဆင့်တွင် ပညာ သင်ကြားရသည့် ကာလ (၅) နှစ်ရှိသည် ဆိုပါလျှင် ကျနော်တို့ ခေတ် အခါက (၆) နှစ်တာ သင်ကြားရ ပါသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမ တန်း ၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း တို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူငယ်တန်း မှာ (၂) နှစ် နေရခြင်း ဖြစ်၏။ သူငယ်တန်းလေး (၁) နှစ်နေ၊ အောင်ပြီးမှ သူငယ်တန်းကြီး မှာ နောက်တစ်နှစ် ထပ်နေရပါ သည်။

ကျနော် သူငယ်တန်းကြီး ကျောင်းသား ဘ၀ ဆိုတော့ အသက် (၇) နှစ် အရွယ်ပေါ့။ တစ်နေ့တော့ ဆရာမ က အတန်းရှေ့ သင်ပုန်းကြီးတွင် မြေဖြူဖြင့် ရေးထားသော ဗျည်း (၃၃) လုံးကို ကြိမ်လုံးနှင့် ထောက်၍ တစ်ေ ယာက်ပြီး တစ်ယောက် ရွတ်ဆို ခိုင်းပါ သည်။ ကျနော့် အလှည့်တွင် ကကြီး၊ ခခွေး၊ ဂငယ်ဖြင့် အစပိုင်းတော့ ဖြူးနေလေ၏။ သို့ရာတွင် မည်သို့ ဖြစ်သည် မသိ၊ တစ်နေရာ အရောက် အက္ခရာ ကို ကျွန်တော် အစရှာ၍ မရအောင် ဖြစ်နေပါသည်။

ဆရာမကြီးကလည်း ဆိုလေ ဆိုလေဟု သတိပေးနေ၏။ ထိုသို့ဖြစ်လေ ကျနော့်မှာ စဉ်းစား မရလေ ဖြစ်ရတော့သည်။ အတန်း တတန်းလုံးကလည်း ငြိမ်သက်နေ၏။ ကျနော့်ကိုပဲ အာရုံစိုက် နေကြသည်။ ဆိုလေဟု ဆရာမကြီးက ပြောပြန်ပါသည်။ ကျနော် ချွေးပျံလာသည်။ တစ်ကိုယ်လုံး ထူပူလာသည်။ 

ကျနော့် စိတ်ထင် နာရီဝက်လောက်တောင် ကြာသွားပါသည်။ ကျနော် ဘယ်လိုမှ အစဖော်၍ မရ။ ဒါလေးတောင် မေ့ရ ပါမည်လားဟု ဆရာမကြီး ဒေါကန်သွား ပါသည်။ သူငယ်တန်းကြီး ရောက်နေ သည့်တိုင် ဗျည်း (၃၃) လုံးကိုသော်မှ ကြေညက်မှု မရှိလေသော ကျနော်ကို ဆရာမကြီး ဒေါကန်မည် ဆိုလည်း ကန်ထိုက်ပါလေ သည်။ သို့အတွက် ဆရာမကြီး ကျနော့်ကို သူ့ထက်ထဲမှ ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်း မပြုခဲ့ပါ။ ကျနော့ ဘ၀ တစ်သက်တာ သင်ခန်းစာ ရစေမည့် အပြစ်ပေးခြင်း မျိုးဖြင့် အပြစ်ပေးခဲ့ပါသည်။
`မောင်ကျော် … လွယ်အိတ်ယူ။ သူငယ်တန်းလေး ပြန်ဆင်း၊ ဒါကိုမှ မင်း မသိသေးတော့ မင်းနဲ့ သူငယ်တန်းကြီး နဲ့ မတန်သေးဘူး´ တဲ့။ ပြီးတော့ အတန်းသားများဘက် လှည့်၍လည်း ပြောပါသေးသည်။ `အဲဒါ ဘာအက္ခရာ လဲ´ ပြောပြလိုက် ကြစမ်းတဲ့။ `ဖ ဦးထုပ်ပါ ဆရာမ´ ဟု တစ်တန်းလုံးက ၀ိုင်းအော်ကြသည်။ 

ထိုနေ့ က သူငယ်တန်းလေးမှာ ကျနော် သွားထိုင် ရပါသည်။ သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးက ဒူး   ပိတ်ဟု ခေါ်သော အရံ အတားလေး တစ်ခုသာ ခြားထားပါသည်။ ဆရာမကြီးက အတန်းနှစ်ခု အလယ်ထိပ်မှာ ထိုင်ပြီး နှစ်တန်းလုံး ကို သင်ရပါသည်။ ရှက်လိုက်သည်မှာ ပြောဖွယ်မရှိ။ ကျနော် ခေါင်းကို မဖော်တော့ပါ။ သူငယ်တန်းကြီး မှာ ကျန်နေခဲ့သော ကျနော့် သူငယ်ချင်းတွေ ကလည်း ကျနော့်ကို မျက်လုံး အမျိုးမျိုးနှင့် လှမ်းကြည့် ကြပါသည်။ ဂရုဏာ သက်သော၊ လှောင်ပြောင်လိုသော၊ အထင်အမြင်သေးသော မျက်လုံးများ ဖြစ် လိမ့်မည်ဟု ယခု အချိန်မှာ ကျနော် စဉ်းစား ကြည့်မိပါသည်။

သူငယ်တန်းလေးမှာ ယခုနှစ်မှ ကျောင်းသို့ ရောက်လာသူတွေ ကြားထဲ ထိုင်နေခဲ့ရသည်။ ကျောင်းဆင်း ခေါင်းလောင်း ထိုး၍ အိမ်ပြန်ရသည့်အခါ ယခင်နေ့တွေကလို ကျနော် မပျော်တော့ပါ။ ဖေဖေနှင့် မေမေ သိသွားမှာလည်းကြောက်။ ငါတော့ တနှစ်လုံး သူငယ်တန်းလေး ဆင်းနေရ တော့မယ်ဟု တွေးပြီး အလွန်အမင်း ထိတ်လန့် မိပါသည်။

Thursday, November 10, 2016

ထရမ့် ဘာကြောင့် နိုင်ခဲ့သလဲ

                                         လူထုမဲဆွယ်ပွဲတစ်ခုမှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် နိုင်သွားတာဟာ အမေရိကန်ရဲ့ သမိုင်း စာမျက်နှာ သစ်တစ်ခုကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ် ။ အပြိုင် အဆိုင် အနိုင်ကြဲရတဲ့ ဒီရွေးကောက်ပွဲမှာ မစ္စတာ   ထရမ့် ဘာကြောင့် အနိုင်ရခဲ့တာလဲ။

မစ္စတာ ထရမ့် ဟာ သီချင်းလည်း မဆိုတတ် ၊ တူရိယာလည်း မတီးတတ်ပေမယ့် သူဟာ သူပေးချင်တဲ့ စကားကို လူတွေ နားလည်အောင် ပြောနိုင် ၊ မဲဆန္ဒရှင်တွေနဲ့ နှလုံးသားချင်း နီးတယ်လို့ ဆိုနိုင်သူ ဖြစ်တယ်လို့ နာမယ်ကျော် အဆိုတော် Sir Elton John က ပြောဖူးပါတယ်။

တိုင်းပြည်မှာ Blue Collar လို့ခေါ်တဲ့ အလုပ် လုပ်တဲ့ လူတန်းစားတွေက နိုင်ငံရေး သမားတွေဟာ သူတို့ရဲ့ အသံတွေကို နားမထောင်ကြဘူး၊ သူတို့ဟာ အပယ်ခံ ဖြစ်နေတယ်လို့ ခံစားနေကြရပြီး အခု မစ္စတာ ထရမ့် က သူတို့ရဲ့  အခြေအနေကို အပြည့်အ၀ နားလည် လက်ခံပေးခဲ့တာကြောင့် အနိုင် ရခဲ့ တာလို့ ဘီဘီစီ ရဲ့ မြောက်အမေရိက သတင်း အယ်ဒီတာ ဂျွန်ဆိုပယ် က သုံးသပ်ပါတယ်။

ဒါ့အပြင် လူတွေ စိုးရိမ်နေကြတဲ့ ကိစ္စတွေ ဖြစ်တဲ့ အပြင်ကလူတွေ ဝင်လာနေတဲ့ ပြဿ      နာ   ၊ အငြင်း ပွားနေရတဲ့ ကုန်သွယ်ရေး စာချုပ်တွေ နဲ့ ဒီမိုကရက်တွေက သေနတ် ကိုင်ဆောင်ခွင့် ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ ကိစ္စမှာ မစ္စတာ ထရမ့်က အလေးထား စဉ်းစားပေးခဲ့ပြီး တရားလွှတ်တော် ရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အရင်ကထက် အလယ်အလတ် ကျ ပျော့ပြောင်း လာအောင် လုပ်ဖို့ သူ့ရဲ့ ပေါ်လစီတွေ ကို လူတွေက လက်ခံတာ တွေ့ရပါတယ်။

အမေရိကန် က နိုင်ငံရေး သမား အများစုက ဒေါ်နယ် ထရမ့် ကို ထောက်ခံသူတွေရဲ့ ခံစားချက် ကို လျော့ တွက်ကြခဲ့ကြတာကြောင့် အခု အမေရိကန် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ အံ့သြဖွယ် ကောင်းလောက်အောင် မထင်မှတ်တာတွေဖြစ်လာခဲ့တာ တွေ့ရပါတယ်။

တစ်ကယ်တော့ မစ္စတာ ထရမ့် ဟာ အစိုးရပိုင်း တာဝန် မယူခဲ့ဘူး သလို သူ့ပြောနေကျ အတိုင်း သူဟာ လေ့ကျင့် ထားတဲ့ နိုင်ငံရေး သမား တစ်ယောက်လည်း မဟုတ်၊ နိုင်ငံရေး နယ်ပယ်ထဲမှာ အတွေ့အကြုံ ရှိတဲ့သူလည်း မဟုတ်ပါဘူး။



Friday, November 4, 2016

မြန်မာ့ စီးပွားရေး




ဗြိတိသျှ ဘုရင်မကြီးက “ရှင်တို့ စီးပွားရေး ပညာရှင်ကြီးတွေ စီးပွားရေး အကြပ်အတည်း ဖြစ်မယ် ဆိုတာ ကြိုပြီး မပြောနိုင်ဘူး လား” ဟု အလွန်ကျော်ကြားသောမေးခွန်း တစ်ခုကို မေးခဲ့ဖူးပါသည်။ Economic Crisis ခေါ် စီးပွားရေး ကပ်ဆိုက်ခြင်း ဆိုသည်မှာ ကြိုတင်၍မြင်နိုင်သော အရာမဟုတ်ပါ။ အကြောင်းပေါင်းများစွာ စုပေါင်း၍ စီးပွားရေး အခက်အခဲ များကို ကြုံခဲ့ကြ ရာ ထိုအဖြစ်အပျက်များ ပြီးသွားမှသာဖြစ်ရခြင်းအကြောင်း ကို ဝေဖန်စစ်ဆေးကြရပါသည်။

နိုင်ငံစီးပွားရေး ဆိုသည်မှာလည်း တစ်နိုင်ငံလုံးရှိ စီးပွားရေး လုပ်ငန်းရှင် ကုန်သည် အပေါင်းတို့၏ လုပ်ငန်းပေါင်းစုံ ပါဝင် ပတ်သက်နေပြန်ရာ ပန်းချီကားကြီး တစ်ချပ်လို အနီးကြည့် အဝေးကြည့် ကြည့်ကြရသည်များလည်း ရှိပါသည်။ လူပေါင်းစုံ ပညာရှင် ပေါင်းစုံတို့တွင် မိမိရှုဒေါင့်ကိုလိုက်၍ အမြင်အယူအဆ အမျိုးမျိုးရှိနိုင်ကြပါသည်

သို့ပါသော်လည်း ဗဟို ဦးစီးစနစ် Command Economy ဆိုသည်မှာ ယနေ့ခေတ်နှင့် မကိုက် မဆီလျော်တော့ပါ၊ ဈေးကွက်စီး ပွားရေး စနစ်သည်သာ ပြည်သူ အပေါင်းကို ဆင်းရဲတွင်းနစ်နေခြင်းမှ ကယ်တင် လွတ်မြောက်စေနိုင်မည်။ ဈေးကွက် စီးပွားရေး စနစ်အောင်မြင်စေရန် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ရှင်သန်တိုးတက်နေစေရမည်။ ၎င်းတို့၏ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု အတွက် ခိုင်မာစေသော ဥပဒေများ ရှိရမည်၊ ဂလိုဘယ် လိုက်ဇေးရှင်း ခေါ် ကမ္ဘာ့နိုင်ငံစုံနှင့် ကူးလူး ဆက်ဆံပြီး တံခါးဖွင့် ဝါဒကို ကျင့် သုံးရမည် ဆိုသော အချက် များမှာ မှားရန် အကြောင်းမရှိ၊ သေချာလှပါသည်။ တိုးတက်လာသော နိုင်ငံပေါင်းများစွာ၏ ဖွံ့ဖြိုး တိုးတက် လာပုံကို လေ့လာလျင် ထိုအချက်များကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြပါသည်။

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် စင်ကာပူနိုင်ငံမှ အစပြုပြီး အိန္ဒိယ၊ တရုတ်ပြည်၊ ဗီယက်နမ် စသည်ဖြင့် နိုင်ငံ အသီးသီးတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကြောင့် ချမ်းသာကြွယ်ဝသော လူနေမှု အဆင့်အတန်း မြင့်မားသောနိုင်ငံများ ဖြစ် လာကြပုံကို တွေ့မြင်နိုင်ကြပါသည်။

စင်ကာပူနိုင်ငံသည် လွတ်လပ်ရေး ရချိန်က စီးပွားရေး လုပ်ငန်းဟူ၍ မယ်မယ်ရရ မရှိ၊ တစ်ချိန်က တံငါ သည် များ စုပေါင်းနေ ထိုင်ကြရာ ရွာကြီး သာသာဖြစ်ခဲ့သည်။ ယခုအခါ တတိယ ကမ္ဘာနိုင်ငံ မဟုတ်တော့ဘဲ ဒေသတစ်ဝိုက်တွင် အချမ်းသာဆုံး ပထမကမ္ဘာ မှ နိုင်ငံတစ်ခုဖြစ်နေပါပြီ။

တရုတ်နိုင်ငံသည် ကွန်မြူနစ်တော်လှန်ရေး ကာလ ပြည်တွင်း စစ်ကြောင့်လည်းကောင်း၊ ယဉ်ကျေးမှုတော်လှန်ရေး၏ ပေါ်လ စီ အမှားများကြောင့်လည်းကောင်း၊ ပြည်သူများ ဆင်းရဲတွင်းနစ်ခဲ့ကြရာတွင် ၁၉၇၈ ခုနှစ်ဝန်းကျင်မှ စ၍ ဝန်ကြီးချုပ်ဟောင်း တိန်ရှောင်ဖိန် ၏ ဗဟိုမှ ဦးစီးသည့် စီးပွားရေး စနစ်အစား၊ ဈေးကွက်စီးပွားရေးစနစ် အဖြစ် ပြောင်းလဲရမည် ဟူသော မူဝါဒဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ 

နှစ်ပေါင်း ၃ဝ အတွင်း တရုတ်ပြည်သည် စီးပွားရေး၊ စစ် ရေး ကုန်ထုတ်လုပ်ရေး အဖက်ဖက် မှ အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာခဲ့ပါသည်။ ပြည်သူလူထု သန်းပေါင်းများစွာကို ဆင်းရဲ တွင်းမှ လွတ်စေနိုင်ခဲ့ပြီး လူစီးလေယာဉ်ပျံတွေကို ပြည်တွင်း မှာပင် ထုတ်လုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိလာပါသည်။ စီး ပွားရေးတွင် အမေရိကန်ကို ယှဉ်ပြိုင်နိုင်သည့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာပါသည်။

အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရအပြီး ဝန်ကြီးချုပ် နေရူးခေတ်မှ စ၍ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို နိုင်ငံတော် အစိုးရက ဦး ဆောင်ပြီး တည်ဆောက်ရမည် ဆိုသော မူဝါဒမှာ ဘာကိုမှဆောင်ကျဉ်းမပေးနိုင်ခဲ့ပေ။ ၁၉၉၁ ခု နာရာဆင်မာရောင်း ၏ လက်ထက်မှ စတင်ပြီး နောင် ဝန်ကြီးချုပ်ဖြစ်လာမည့် မာမိုဟန်ဆင်း က ဘဏ္ဍာရေးဝန်ကြီး အဖြစ်နှင့် ပြုပြင်ရေး လုပ်ငန်းများ စတင်ခဲ့ပါသည်။

သွင်းကုန် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ အကောက်ခွန်နှုန်းကို လျှော့ပေးပြီး နိုင်ငံခြားရင်း နှီးမြှုတ်နှံမှု များကို ခွင့်ပြုခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ တက်လာပြီးချိန်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးအဖြစ်သို့ ရောက်နိုင် ရန် မျှော်လင့်လာနိုင်ခဲ့ပါသည်။ အိန္ဒိယ ၏ ဆော့ (ဖ) ဝဲ ကုမ္ပဏီကြီးများမှာ အမေရိကန် တို့၏လက်စွဲဖြစ် လာပြီး စက်မှုပစ္စည်း ထုတ်လုပ်ရေးတွင်လည်း ရှေ့တန်းသို့ ရောက်ရှိလာနေပါသည်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံကို ကြည့်လျင်လည်း စစ်ပွဲ အမျိုးမျိုးဖြင့် ချွတ်ခြုံကျနေသည့်နိုင်ငံကို ၁၉၈၆ ခုနှစ်  တွင် တိုးတက် သော အမြင်ရှိသည့် ကွန်မြူနစ်ခေါင်းဆောင်ကြီးများက ဦးဆောင်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ကာ ဈေးကွက် စီးပွား ရေး စနစ်ကို ထူထောင်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။

နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများမှာ တစ်ချိန်တွင် ဂျီဒီပီ တိုးတက်မှုမှာ ကမ္ဘာ့တွင် အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။ အာရှ ၏ ချမ်းသာသောနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ ကပင် ဗီယက်နမ် ဆန် ကိုရောင်းချပါရန် တောင်းပန်ခဲ့ရပါသည်။ ၁၂ နိုင်ငံ ပါဝင်သော TPP- Trans-Pacific Partnership ပစိဖိတ် ကုန်သွယ်မှု စာချုပ် တရားဝင်ဖြစ်လာချိန်တွင် ကုန်သွယ်ရေးမှာ တိုးတက် လာပြီး ပိုမို ချမ်းသာကြွယ်ဝလာမည်ဟု ခန့်မှန်းကြပါသည်။

ဤသည်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမူ ဝင်ရောက်လာခြင်း၊ အစိုးရ၏ ချုပ်ကိုင်မှုကိုဖြေလျှော့ပေးခြင်းနှင့် အတူ ဂလိုဘယ်လိုက် ဇေးရှင်း ဖော်မြူလာ များဖြင့် ကြီးပွား တိုးတက်သွားရခြင်း၏ ဥပမာများဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံတွင်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မလုပ်ခဲ့ခြင်း မဟုတ်ပါ။ ဗဟိုဦးစီး စနစ်၊ စီမံကိန်း စီးပွားရေး စနစ်၊ ဆိုရှယ်လစ် စီးပွားရေး စနစ်အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့ဘူးဟု သေချာချိန်မှ စ၍ အုပ်ချုပ်သော အစိုးရများက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါ သည်။


လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာနှစ်မျိုး




လူငယ်တွေရောက်လာ စကားပြောကြတဲ့ အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစား ရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါ လို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့ စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။

ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာမဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်းကောင်း တာပဲ။

တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။

လူကြီးတွေ (အထူးသဖြင့်) မြို့သား ပညာတတ် လူကြီးတွေက အများအားဖြင့်ဟန်များတယ်။ (ခုခေတ်စကားနဲ့ ဆို ပဲများတယ်ပေါ့)။ တစ်ကယ် သိတာ မဟုတ်ဘဲနဲ့ သိချင် တတ်ချင်ယောင် သိပ် လုပ်တတ်ကြ တယ်။

သရေ ဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံးအချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိ ရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ
ပရိသတ်ကို ညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။

လက်ဝှေ့ ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တစ်ကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။

ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင် သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဘောလုံးပွဲမှာ ပူးတွဲ ပထမ ဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံး အနိုင် မပေါ်မချင်း ပယ်နယ်တီ ကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီး ရင်းရင်းနှီးနှီး

ဟန်မဆောင် တတ်တာ၊ ပွင့်လင်း တာကြောင့် လူငယ်တွေနဲ့ ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့ အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က
စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။

လူကြီး နဲ့ လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက် တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။

ဟန်လုပ်ပြီး တစ်ယောက်ကို တစ်ယောက် ‘ဗုံ နဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။



ခေတ်မီခြင်း နဲ့ ခေတ်ဆန်ခြင်း ( ၂ ) လူထုစိန်ဝင်း




ဖက်ရှင် ရှိုးပွဲ တစ်ခုမှာ ဖက်ရှင်မယ် တစ်ယောက်ကို အင်တာဗျူးတော့ ဖက်ရှင်မယ် က နိုင်ငံတစ်ကာ စံချိန်နဲ့ အညီ ခေတ်မီ အောင် အရမ်း ကြိုးစားနေရတဲ့ အကြောင်း ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေက တစ်ဆင့် သာ လေ့လာနိုင်သေးလို့ ထင်သလောက် ခရီး မပေါက်သေးကြောင်း ဖြေကြားထားတာကို မဂ္ဂဇင်း တစ်စောင်မှာ ဖတ် လိုက်ရပါတယ်။

ဘယ်သူ့စံက နိုင်ငံတစ်ကာ စံလဲ အဲဒါကို ဖတ်ပြီးတော့ နိုင်ငံတစ်ကာ အဆင့်မီ ဆိုတဲ့ စကားနဲ့ ခေတ်မီဆိုတဲ့ စကားများ တော်တော်လေး .. ခေတ်စားနေ တာကို သတိပြုမိပါတယ်။

ဆက်လည်း တွေးနေမိပါတယ်။ နိုင်ငံတစ်ကာ အဆင့်မီ ဆိုတဲ့စကား နေရာတစ်ကာမှာ သုံးစွဲနေကြပါတယ်။ ဘယ်လို အဆင့်မျိုးကို နိုင်ငံတစ်ကာ အဆင့်မီလို့ ခေါ်တာမှန်းတော့ ဘယ်သူမှ ရေရေ ရာရာ မသိကြပါဘူး။ သုံးကောင်းတိုင်း သုံးနေကြပုံရပါတယ်။ 


ဥပမာ - ပညာရေး ဆိုပါတော့။ ကျွန်တော်က အင်္ဂလိပ်၊ အမေရိကန် ပညာရေး စနစ်တွေကို ဟုတ်လှပြီ ထင် ပြီး “စံ” အဖြစ် သတ်မှတ် အတုယူနေကြစဉ်မှာ သူတို့ဆီက ပညာရေး ပါရဂူတွေနဲ့ သင်ကြားရေး ပညာရှင်တွေ ကတော့ သူတို့ဆီက မူလတန်း၊ အလယ်တန်း အဆင့် ကျောင်းသားတွေဟာ သင်္ချာဘာသာ လို သိပ္ပံ ဘာသာလို ဘာသာရပ်တွေမှာ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ က ကျောင်းသားတွေနောက် အများကြီး ပြတ်ကျန်နေ ရစ်ပြီ ၊ ပညာသင်ကြားရေး စနစ်တွေ ပြုပြင်ဖို့ နည်းလမ်း ရှာကြံ သင့်ပြီလို့ သုံးသပ်ပြောဆိုနေတာတွေ ကြားသိနေရ ပါတယ်။

လော်မာတဲ့ အဆင့် မရောက်သင့်

စောစောက ပြောတဲ့ ဖက်ရှင်ရှိုး ကို ပြောပါရစေဦး။ ဖက်ရှင် အရာမှာ ကမ္ဘာ့ ထိပ်သီးဖြစ်တဲ့ ပြင်သစ် ဖက်ရှင် ရှိုး တွေ ကို မီမှ နိုင်ငံတစ်ကာ အဆင့်မီ လို့ ယူဆပြီး သူတို့ အတုယူရမှာလား။ အတုယူတာမျိုးတွေတော့ တွေ့နေရပါ တယ်။ ရှိုးပွဲ တစ်ချို့ ဆိုရင် မြန်မာပြည်မှ ဟုတ်ရဲ့ လား လို့ ထင်ရလောက်အောင်ကို ၀တ်စားဆင်ယဉ်မှု လွန်ကဲနေ တာ တွေ့ရ ပါတယ်။ တော်တော် လွန်တာတင် မဟုတ်ပါဘူး။ “လျှပ်ပေါ်လော်လီ” တဲ့ အဆင့် ထိအောင် လွန်နေ တာမျိုးပါ။ ဘယ်အချိန်မှာများ ဘီကီနီကြော်ငြာတာတွေ မြင်တွေ့ရမလဲ လို့တောင် တွေး မိပါတယ်။ လှရုံ ပရုံ မဟုတ်တော့ဘဲ “လော်မာ” တဲ့ အဆင့်ထိ တော့ မရောက်စေသင့်ပါဘူး။

မှန်ကန်စွာ တွေးခေါ်တတ်မှု

နောက်ပြီး ခေတ်မီတယ် ဆိုတဲ့ စကား။ ဘယ်ဟာကို ခေတ်မီတယ် လို့ ခေါ်ရမှာလဲ။ ရမ်ဘိုလို ရုပ်ရှင်ကားတွေ ရိုက်နိုင်တာ ခေတ်မီတာလား။ ကွန်ဖူး ကားတွေ ရိုက်တတ်တာ ခေတ်မီတာလား။ အလွယ်ပြောပြီး အလွယ်လိုက် လုပ်တာ မကောင်းဘူး။ ကလေးတွေ အတွက် နမူနာဆိုး ဖြစ်စေတယ်။ အတွေး အခေါ်တွေ မှန် မှန်ကန်ကန် ဖြစ်အောင် ကြိုးစားခြင်း ကမှ တစ်ကယ်ခေတ်မီခြင်း ဖြစ်တယ်ဆိုတာ ကလေးတွေ သိအောင် လုပ်ပေးရပါမယ်။ ပညာ သင်ယူရာမှာလည်း သူများ ရေးထားတဲ့ စာတွေ အလွတ် ရွတ်ပြတတ်ရုံ လုပ် တတ်ခြင်းဟာ ပညာတတ်ခြင်း မဟုတ်ကြောင်း သိအောင် လုပ်ဖို့ လိုပါတယ်။

ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ

အရာရာကိုလည်း စာအုပ်ထဲက ပုံစံ အတိုင်း တွေးတတ်၊ မြင်တတ်၊ လုပ်တတ်ရုံနဲ့ ဘာမှ အရာမရောက်ပါဘူး။ အိုင်စတိုင်း က ဘာပြောတယ်။ နယူတန် က ဘယ်လို လုပ်တယ်။ ကိန်း က ဘယ်လိုဆိုတယ်။ ဒါဝင် ဘယ်လိုရေးခဲ့ တယ် ဆိုတာတွေ ပြန်ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ။ ကိုယ် လုပ်နိုင်တာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ် လုပ်နိုင်ဖို့ပဲ။ သူများ ပြောတာဆို ဘယ်သူပြောတာမှ မယုံနဲ့။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်တွေ့မှ ယုံဆိုတဲ့ “ကာလမသုတ်” ကို မြန်မာတိုင်း သိနေကြတာပဲ။ အဲဒီ ကာလမသုတ် ဟာ အမှန်ဆုံး အကောင်းဆုံး ပညာ သင်ယူနည်း ဖြစ်တယ်။ အမှန်ကန်ဆုံး အမှန်တရား ရှာနည်း ဖြစ်တယ်။ ဒါကိုတော့ ဘာကြောင့် လျစ်လျူရှု ထားကြတာလဲ။



ဦးသန့် နှင့် EQ




“ကျွန်တော် အလွယ်တစ်ကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ် မလှုပ်ရှားတတ်ဘူး" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ၏ ခေါင်းဆောင် မှုကို လေ့လာသည့် အခါ ပထမဦးဆုံး ထင်ထင် ရှားရှား တွေ့မြင် ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ ခံစားမှု ဆိုင်ရာ ဉာဏ်ရည် မြင့်မားခြင်း” ပင်ဖြစ်သည်။ 

လူတစ်ဦး တစ်ယောက် အောင်မြင် ရခြင်း တွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိက ကျ သည် ဟု ရှေး နှစ်ပေါင်း များစွာ ကပင် ထင်မြင် ယူဆခဲ့ သော်လည်း ပညာရှင် Dr. Daniel Goleman က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသား ထုတ်ဝေ အပြီးတွင် ခံစားမှု ဆိုင်ရာ ဉာဏ်ရည် မြင့်မားမှု က ပိုမို အရေးကြီးကြောင်း သိရှိလာခဲ့ကြသည်။ 

ဆက်တိုက် လေ့လာ ဆန်းစစ် သုတေသနပြုမှုများ အရလည်း EQ ၏ အရေးပါမှုသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့သည်။ IQ မြင့်မားသော်လည်း မအောင်မြင်ကြသူများ၊ IQ သာမန်သာ ရှိပြီး အောင်မြင်သူများသည် မူလက ပဟေဠိသဖွယ် ဖြစ်နေကြသော်လည်း EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့် EQ နိမ့်သူများ မအောင်မြင်၊ IQ အလယ်အလတ် အဆင့်ရှိပြီး EQ မြင့်သူများ အောင်မြင်ကြောင်း ရှာဖွေတွေ့ရှိ ခဲ့ရသည်။ 

အထူးသဖြင့် ခေါင်းဆောင်မှုတွင် EQ ၏ ကဏ္ဍမှာ အလွန် အရေးပါပြီး သာမန်ခေါင်းဆောင်များနှင့် မဟာခေါင်းဆောင်များ အကြား ကွာဟမှုမှာ EQ တွင်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ရှိသည်။


EQ ကို အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုမှာ..........

The capacity for recognizing our own feelings and those of others, for motivating ourselves, for managing emotions well in ourselves, and in our relationships “
“  မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များ အား သဘောပေါက် နားလည်ပြီး မိမိကိုယ် ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိ ၏ ခံစားချက်များအား မိမိ ကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ ၏ ခံစား ချက် များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း” ဖြစ်သည်။


မိမိနှင့် အခြားသူများ ၏ နှလုံးသားကို ဦနှောက်ဖြင့် နားလည်ကာ အကျိုး ရှိရှိ နားလည်အောင် ဆောင်ရွှက်နိုင်ခြင်းသည် EQ ပင်ဖြစ်သည်။ EQ ၏ အဓိက အစိတ်အပိုင်း တစ်ခုမှာ Self-regulation ခေါ်“ မိမိစိတ်ခံစားမှုကို မိမိထိန်းကျောင်းနိုင်ခြင်း” ဖြစ်သည်။ ခံစားချက်၏ စေခိုင်းမှုနောက်သို့ မလိုက်ဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း
'handling your emotions rather than letting the emotions handle you’ ဖြစ်သည်။

ခေါင်းဆောင်များ၏ အဓိက တာဝန် တစ်ရပ် မှာ ဆုံးဖြတ်ချက် ချခြင်း decision-making ဖြစ်သည်။ သာမန်လူများသည်လည်း နေ့စဉ် ဆုံးဖြတ်ချက် ချနေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ သက်ရောက် မှု ပမာဏကြီးမားသည်။ သာမန် လူများသည် မိမိ အတွက်သာ ဆုံးဖြတ်နေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ မူ လူအများ အပြား၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ 

ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ဦး၏ ဆုံးဖြတ်ချက်သည် သူ့ ကုမ္ပဏီ ၏ အကောင်းအဆိုး နှင့် ၀န်ထမ်းများ၏ ဘ၀ ကို ပြောင်းလဲစေမည်ဖြစ်သလို နိုင်ငံခေါင်းဆောင်၏ ဆုံးဖြတ်ချက် သည် နိုင်ငံသားများ၏ ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ချရာတွင် ကျွမ်းကျင်ရန် လိုသလို မှန် ကန်ရန်၊ အရည်အသွေး မြှင့်ရန်လိုသည်။

စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဒေါသနောက်လိုက်ကာ ဆုံးဖြတ်ခြင်း၊ လောဘနောက် လိုက်ကာ ဆုံးဖြတ်ခြင်း တို့ကြောင့် သာမန်လူ အဆင့်တွင်ပင် အမှားကြီး မှားခဲ့ကြပုံတို့ကို မှုခင်း သတင်း ဂျာနယ်သတင်း ခေါင်းစဉ်များအား ဖတ်ရုံဖြင့် သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းကြောင့် အမှားကြီး မှားခဲ့ကြပုံကို ကမ္ဘာ့ သမိုင်းတွင် မြင်နိုင် သည်။ 

စိတ်အေး လက်အေး ဆုံးဖြတ်ပါက အရည်အသွေးမြင့်မြင့် ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက် လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။ EQ မြင့်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက် များသည် အရည်အသွေး မြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် အရည်အသွေး မြင့်ရေးအတွက် EQ မြင့်ရန် လိုသည်။

EQ ၏ အခြား အစိတ်အပိုင်း တစ်ခုမှာ Self-awareness “ခံစားချက် တစ်ခုပေါ်လာ ချိန်တွင် သိရှိခြင်း” ဖြစ်သည်။ ၀မ်းနည်းစိတ် ပေါ်လာချိန်တွင် ၀မ်းနည်းစိတ် မှန်းသိခြင်း၊ ဒေါသဖြစ်ချိန်တွင် ဒေါသစိတ်မှန်းသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း Empathy သည်လည်း EQ ၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်သည်။ အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြား သူများ၏ နေရာမှ ၀င်ခံစား နိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက် လက္ခဏာ ပင်ဖြစ်သည်။

ဦးသန့်သည် self-regulationself၊ awareness၊ empathy ဟူသော အထက်ပါ အရည်အချင်းများ နှင့် ပြည့်စုံသူ ဖြစ်သည်။ ဦးသန့်သည် အခက်အခဲကြီးများ နှင့် ရင်ဆိုင်နေရချိန်တွင်ပင် စိတ်တည်ငြိမ် အေးချမ်းစွာ ရှိနေကြောင်း နာမည်ကျော်ကြား ခဲ့သည်။ ကျူးဘား ဒုံးပျံ အရေးအခင်း၊ အာရပ်-အစ္စရေး ခြောက်ရက်စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်၊ ဒိုမီနီကန် အရေးအခင်း စသည့် အရေးကိစ္စ ကြီးများကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင်ပင် စိတ်အေးချမ်းတည်ငြိမ်စွာ ရှိနေသောကြောင့် သူ၏ လျှို့ဝှက်ချက် ကို ကမ္ဘာက စိတ်ဝင်စား လာခဲ့ကာ ဗုဒ္ဓ ဘာသာက ပေးအပ်သော အလေ့အကျင့်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။

ဦးသန့်သည် နေ့စဉ် နံနက်စောစော တရား အမြဲထိုင်သူ ဖြစ်သည်။ သူ အတွင်းရေးမှူးချုပ် ဘ၀ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာ နံနက်ခင်း တရားထိုင် ပျက်ခဲ့ဖူးသည်ဟု ဆိုသည်။ မိမိအကြောင်း မိမိပြောဆိုလေ့မရှိသည့် ရိုးရိုးအေးအေး ဦးသန့် သည် စိတ်ခံစားမှု ကို သူ စီမံခန့်ခွဲနိုင်ပုံ အကြောင်းကိုမူ ဖွင့်ဟ ၀န်ခံခဲ့သည်ကို တွေ့ရသည်။

“သည်းမခံနိုင်ခြင်းက လွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့ တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀ တစ်လျှောက် သွန်သင် ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံး ကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ 

တရားထိုင်ခြင်းနဲ့ သမာဓိ တို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသား တစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။”

ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်သည့် ၁၉၆၁-၁၉၇၁ ဆယ်နှစ် တာသည် စစ် အေးကာလ အရှိန်အတက်ဆုံး ကာလဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုံးရှုံးသွားနိုင်သည့် အခါများစွာ ရှိခဲ့သည်။ အတွင်းရေးမှူးချုပ် ၏ တာဝန်များမှာလည်း များပြား လှသည်။ ပေးအပ်ထားသည့် အခွင့် အာဏာလေးဖြင့် အရေးကိစ္စကြီးများကို ကြိုးပမ်း နေရ သဖြင့် ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူးချုပ် Trygve Lie က ‘the most impossible job on the earth’ ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဆိုခဲ့သည်။

ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်ဖြင့် ထိပ်ဆုံးမှ ဆောင်ရွက်နေရသည့် ဦးသန့် အဖို့မူ မငြိမ်းချမ်းဟု ဆိုနိုင်သည်။ သို့သော် ဦးသန့် သည် မိမိ၏ စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ထားနိုင်သည်။ သူ့ ကိုယ်တွင်း ကိန်းအောင်းနေသည့် အေးချမ်း သည့် ဓာတ်သည်လည်း အပြင်ဘက်သို့ ပင်ထွက်ကာ အရောင်ဟပ် နေပေသည်။ ဦးသန့် ၏ ဓာတ်ပုံကို ကြည့်လျှင်ပင် အေးချမ်းမှုကို ခံစားရမည် ဖြစ်ရာ သက်ရှိ  ဦးသန့်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလျှင် သူ့ထံမှ အကြည်ဓာတ် ကူးစက်ကာ မိမိကိုယ်တိုင် အေးချမ်းသွားမည် ဖြစ်သည်။

ဆေးပေါင်းခတဲ့ ည




တန်ဆောင်မုန်း လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီဖူးသုပ် က ဆေးဖက် ဝင်ပါတယ်။ ကျေးလက် တော ရွာတွေ မှာ နေတဲ့ သူတွေ ဆိုရင်  လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို ခူးသင့် ပါ တယ်။

လရောင် ထိထားတဲ့ မဲဇလီတွေ က ဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့ တန်ဆောင်မုန်း လပြည့်ည မတိုင်မီ ခူးထား တဲ့ မဲဇလီဖူးတွေကို လပြည့်ည နက္ခတ် စုံချိန်ကျ မှာ ရေနွေး ဖျော ပြီး သုပ်စားသင့် ပါတယ်။

နက္ခတ် စုံချိန် နှစ်ချိန် ရှိပါတယ်။

လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ် နဲ့ လပြည့် နေ့ သန်းခေါင် ယံ အချိန်မှာ  မဲဇလီ ဖူးသုပ် ကို သုံးဆောင်
သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။


အမေရိကန် မြို့ကို မြန်မာတွေ ပြောင်းလဲပစ်နိုင်တယ်




နယူးယောက်ပြည်နယ် အနောက်ပိုင်းမှ အမေရိကန်မြို့တစ်မြို့ဖြစ်သော ဘတ်ဖဲလိုး ရှိ အခြားသော မြန်မာ ဒုက္ခသည်များ ကဲသို့ပင် ဌေးဘဲ သည် ပရိဘောဂ နည်းပါးသော သူမ၏မြစ်ကမ်းဘေးနေအိမ်မှ နိုင်ယာဂါရာ မြစ်တွင် အများအပြား စားပါက ကင်ဆာ ဖြစ်စေနိုင်သော ဒင်းနား ငါးဖမ်းရန် သွားဖူးသည်။

အနည်းငယ် အကွာအဝေးရှိ သားရေ ဆိုဖာ၊ ငါးမွေးကန်နှင့် ပရိဘောဂ ပြည်စုံသည့် အိမ်တွင်နေသော အောင်ကောင်းမြတ် သည် ဘတ်ဖဲလိုးမြို့ ကမ်းစပ်သို့ အကြောင်း မျိုးစုံကြောင့် သွားခဲ့ဖူးသည်။ Erie ရေကန်  ကြီးကို သူ၏မော်တော်ဘုတ်နှင့် အရှိန်ပြင်းပြင်း ပတ်မောင်းရသည်ကို သူနှစ်ခြိုက်သည်။ ထိုမော်တော်ဘုတ် မှာ အလုပ်ကြိုးစားမှု၊ အိမ်ထောင်ဘက်ရွေး မှန်ကန်မှုနှင့် စီးပွားရေးလုပ်ငန်း ထူထောင်မှုတို့၏ ရလဒ် များဖြစ်သည်။

ဌေးဘဲနှင့် အောင်ကျော်မြတ် ၂ ဦးလုံး တို့သည် အရှေ့တောင် အာရှ မှ ရှည်ကြာစွာ ဒုက္ခ ရောက်နေသော   မြန်မာနိုင်ငံမှ လာကြ သူများဖြစ်ပြီး သူတို့တွင် တူညီသောအချက် မရှိ သလောက်ပင်ဖြစ်သော်လည်း သူတို့၏ ဇာတ်လမ်းများမှာ ကိန်းဂဏန်များက ဖော်ပြနေသည်ကို ထင်ဟပ်နေကြသည်။

 မြန်မာနှင့် အခြား ဒုက္ခသည်များသည် ဘတ်ဖဲလိုးမြို့ကို ပိုမို ချမ်းသာအောင်လုပ်ပေး သလို ပိုမို ဆင်းရဲအောင် လည်း လုပ်ပေးနေကြသည်။ နိုင်ငံရေး အကြမ်းဖက်မှုကြောင့် ဇာတိနိုင်ငံမှ ထွက်လာခဲ့ကြပြီး ဒုက္ခ သည် တစ်ကိုယ်စာ ပစ္စည်းမျှနှင့် ဘတ်ဖဲလိုး သို့ ရောက်လာကြသည်။ သန်းခေါင်စာရင်း ခန့်မှန်းချက်များ အရ မြန်မာ ဒုက္ခသည်ထောင်ချီ ပါသော အလျင်အမြန် တိုးပွားနေသည့် အာရှသားများ အုပ်စုသည် ဘတ်ဖဲလိုး တွင် အဆင်းရဲဆုံး အုပ်စုတွင် ပါသည်မှာ အံ့သြဖွယ်တော့မဟုတ်ပေ။ 

အများစုသည် အင်္ဂလိပ်စကား မပြောတတ်ကြသဖြင့် အစားအစာ ဝယ်ရန် လက်မှတ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် ရသော လစာ နည်းသော အလုပ်ကို လုပ်ကြရသည်။ ထို့ကြောင့်ပင် Erie ခရိုင်တွင် ကမ္ဘာ တစ်ဝှမ်း မှ ဒုက္ခသည်များကို စောင့်ရှောက်ရသော စရိတ်မှာ ဆယ်နှစ် အတွင်း ဆယ်ဆ တိုးလာသည်။ ပြည်နယ်နှင့်ပြည်ထောင်စု အစိုးရ တို့က ထို ကုန်ကျစရိတ်များစုကို ပေးရသော်လည်း Erie ခရိုင်မှ အခွန် ထမ်း များက ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည် များ၏ လူမှု ဖူလုံရေးနှင့် ကျန်းမာရေးအတွက် ဒေါ်လာ ၇ ဒဿ      မ ၄ သန်းပေးသည်။ 

ပျမ်းမျှ တွက်လျှင် ခရိုင်အတွင်း နေထိုင်သူ တစ်ဦးလျှင် ၈ ဒဿ       မ ၂ ဒေါ်လာစီ ပေးကြသည်။ သို့သော် ဤသည် မှာ အခွန် သက်သက်မျှသာ မဟုတ်ဘဲ ပိုမိုကြီးမားကောင်းမွန်သော ဘတ်ဖဲလိုးမြို့ အတွက် ရေရှည် ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်သည်။ 

 ဒုက္ခသည်များသည် အစိုးရက ၎င်းတို့ကို ထောက်ပံ့ရသည်ထက် ပိုများသော အခွန် ကို ဆောင်ခဲ့ကြသည်ဟု Hamilton College မှ စီးပွားရေး ပညာရှင် Paul Hagstrom ကပြောသည်။ Paul Hagstrom သည် ကာလကြာရှည်စွာ စီးပွားရေး ကျပ်တည်းနေသော Utica မြို့သို့ ဒုက္ခသည်များ ဝင်ရောက်လာခြင်းကြောင့် စီးပွား တိုးတက်လာကြောင်း ပြသသည့်လေ့လာမှု တစ်ခု ပြုလုပ်ခဲ့သူဖြစ်သည်။ 

ဘတ်ဖဲလိုးမြို့ ၏ ဒုက္ခသည်များတွင် ရင်းနှီးမြှုပ်နှံမှုသည်လည်း စတင် အကျိုးအမြတ် ရလာပြီဖြစ်သည်။ “ ဒီမြို့ အတွက်သူတို့ ဘာတွေလုပ်ပေးနေလဲ သိချင်ရင် Grant လမ်းကိုသာ သွားကြည့်ရမယ်”ဟု ဘတ်ဖဲလိုး မှ Journey’s End အမည်ရှိ ဒုက္ခသည် ပြန်လည် ချထားရေး ဌာန အမှုဆောင် ဒါရိုက်တာ Karen M. Andolino Scott က ပြောသည်။ 

လွန်ခဲ့သော ဆယ်စုနှစ်က အိုးမဲ့ အိမ်မဲ့ တို့၏ နေရာဖြစ်ခဲ့သည့် Grant လမ်းတွင် အောင်ကောင်းမြတ် ၏  iT Garden ကဲ့သို့သော ဒုက္ခသည်များ၏ စီးပွားရေး လုပ်ငန်များသည် ကာလကြာရှည်စွာ လစ်ဟာနေသော စတိုးဆိုင်နေရာကို ယူထားကြသည်။ 

ဒုက္ခသည် ရပ်ကွက်ဖြစ်သော West Side နှင့် Black Rock/Riverside တို့တွင် အလုပ်အကိုင် ဖန်တီးမှုနှင့် စီးပွားရေး လုပ်ငန်း စတင်မှုနှုန်းသည် ခရိုင်၏ ပျမ်းမျှထက် မြင့်မားပါသည်။ တစ်ချိန်တည်းမှာပင် Erie ခရိုင် ၏ လူဦးရေမှာ တည်ငြိမ်နေကာ ထို တည်ငြိမ်ရခြင်းမှာ ၂၀၁၀ သန်းခေါင် စာရင်း အပြီး ဒုက္ခသည် အများစုပါဝင်သော ရွေ့ပြောင်းအခြေချသူ  ၁၂၀၀၀ ကျော် ရောက်ရှိလာ၍ ဖြစ်သည်ဟု ပြည်ထောင်စု အစိုးရ ကိန်းဂဏန်းများအရ သိရသည်။  

ထိုအချက်သည် လွန်စွာ အရေးပါသည်ဟု ဘတ်ဖဲလိုး တက္ကသိုလ် ပထဝီ ပါမောက္ခ Peter Rogerson  ကပြောသည်။ ဒေသ လူဦးရေ တည်ငြိမ်နေလျှင် သို့မဟုတ် တိုးပွားနေလျင် ဘတ်ဖဲလိုးဒေသခံ လူငယ်များသည် သူတို့ အတွက် အနာဂတ်မှာ ဤမြို့တွင် ရှိသည်ဟု ယုံကြည်နိုင်သည်။ ထိုလူငယ်များ မြို့တွင်ဆက်လက်နေထိုင်လျင် သူတို့သည် အလျင်အမြန် ပြောင်းလဲနေသော မြို့၏ အစိတ်အပိုင်း ဖြစ်လာမည်။ 

ယခင်နှစ်က အာရှသား ၁၂၈၂၂ ဦး ဘတ်ဖဲလိုး တွင် နေထိုင်ကြသည်ဟု သန်းကောင်စာရင်း ဌာနက ခန့် မှန်း ထားပြီး လွန်ခဲ့သော ၅ နှစ် ကထက် ၂ဆ တိုးလာသည်။ ထို အသစ်ရောက်လာသူများ အနက် အများ အပြားမှာ မြန်မာနိုင်ငံ မှ ဒုက္ခသည်များဖြစ်ပြီး အများစုမှာ ဌေးဘဲ ကဲ့သို့ပင် နေထိုင်ကြသည်။ ဌေးဘဲ ၏နေအိမ် က သူ၏ ဘဝဇာတ်လမ်းကို ပြောပြနေသည်။ 

သက်တမ်း ရှည်ကြာသဖြင့် အဝါရောင်သန်းနေသော မီးဖို အတွင်း ပန်းပွင့်များပုံ ပါသော နံရံကပ် စက္ကူမှာ ဆုပ်ပြဲနေသောကြောင့် သံဖြူပြားဖြင့် ဖာထားသောနေရာမှ လွဲ၍ ၁၉၃၀ ခုနှစ်များက ပုံနှင့် တူနေသည်။ ရေခဲသေတ္တာတွင် လက်ကိုင်များ မရှိပါ။ သူမ ၏ ဧည့်ခန်းမှာလည်း ထိုင်ခုံ အနည်းငယ်၊ Kmart စားပွဲ၊ ရုပ်မြင်သံကြားစက် အနီးတွင် ခရစ်တော် အတွက် ဘုရားစင်တို့မှ လွဲ၍ ဘာမျှမရှိပေ။ 

တံခါးအနီး အခန်းထောင့်တွင့် ပြောင်းလဲလာသော ရပ်ကွက်တွင် သူခိုးများ က ချောင်းနေသောကြောင့် သူ၏ ပစ္စည်းများကို ထိန်းသိမ်းရန် ပြုလုပ်ထားသော လုံခြုံရေး စနစ် မော်နီတာတစ်ခု ရှိသည်။ အသက် ၄၀ အရွယ် ပြည့်ပြည့်ဖောင်းဖောင်းနှင့် မျက်နှာ ဝိုင်းသော အမျိုးသမီးဖြစ်သည့် ဌေးဘဲသည် ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းတစ်ခုမှ သူ၏ မိသားစုနှင့် အတူ လွန်ခဲ့သော ၉ နှစ်က ဘတ်ဖဲလိုး သို့ရောက်လာသည်။ 

ထိုမှစ၍ သူသည် ခင်ပွန်းသည်နှင့် အတူ အသက် ၆ နှစ်မှ ၁၇ နှစ် အတွင်းရှိ ကလေး ၆ ယောက် ကို စောင့်ရှောက်သည်။ ဌေးဘဲ အဖို့ မိသားစုကို စောင့်ရှောက်သည် ဆိုသည်မှာ Jefferson Avenue လမ်းရှိ Baby and Children’s Ministry တွင် အဝတ် လှမ်းခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ ကျန်းမာရေး မကောင်းသော ညီအကိုတော်စပ်သူထံ ခင်ပွန်းသည် သွားရောက်နိုင်ရေး အတွက် လေယာဉ်လက်မှတ်ဖိုး ရရန် Eden ရှိ လယ်တောများတွင် အလုပ် လုပ်ကိုင်ရခြင်းဖြစ်သည်။ အိမ်နောက်ဖေးမြေကွက်လပ်တွင် ပြောင်း၊ သခွားနှင့် ဟင်းသီဟင်းရွက် စိုက်ပျိုးရခြင်း ဖြစ်သည်။ ဤသည်မှာ ဘတ်ဖဲလိုး မှ ဆင်းရဲသော အလုပ်သမား ဒုက္ခသည်များ၏ ဘဝ ဖြစ်သည်။